ကသာ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာမြို့နယ်၊ သာစည်ကျေးရွာရှိ ဒေသခံပြည်သူတစ်ချို့သည် အုတ်လုပ် ငန်းကို မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း၌ အုတ်များကို ဈေးလျှော့ပြီး ရောင်းချရကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါကျေးရွာရှိ အုတ်လုပ်ငန်းလုပ်ကိုင်သူအများစုသည် အုတ်လုပ်ငန်းကို မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြပြီး အနည်းစုသည် အဆိုပါလုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြကြောင်း သိရသည်။
“အရင်နှစ်တွေမှာတော့ အုတ်တစ်ချပ်ကို အနည်းဆုံး ငွေကျပ်(၇၀)ခန့်အထိ ရောင်းချရပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေလို့ ဝယ်သူတွေ နည်းပါးသွားတဲ့အတွက် အုတ်တစ်ချပ်ကို ငွေကျပ်(၅၀)ခန့်သာ ရောင်းချရပြီး လုပ်ငန်းလည်း အရှုံးပေါ်နေတယ်” လို့ အုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်တင်တင်တိုးက ပြောသည်။
အုတ်လုပ်ငန်းကို မိသားစုနှင့် အလုပ်သမားများ၏ စားဝတ်နေရေးအဆင်ပြေရန်အတွက် စတင်လုပ် ကိုင်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါ လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြောင်း၊ ကသာ မြို့နယ်အတွင်း၌ အုတ်တစ်ချပ်ကို အများဆုံး ငွေကျပ်(၈၀)နှုန်းဖြင့်သာ ရောင်းချရကြောင်း ဒေါ်တင်တင်တိုး ထံမှ သိရသည်။
အလုပ်သမားများကို နေ့စားအဖြစ်ဖြင့် ငှားရမ်းလုပ်ကိုင်ပြီး လုပ်ကိုင်ရသည့်အလုပ်ပေါ်မူတည်၍ ငွေပေးချေကြောင်း၊ ကိုဗစ်-၁၉ကာလ အတွင်း လုပ်ငန်းအရှုံးပေါ်သော်လည်း အလုပ်သမားများ၏ စားဝတ်နေရေးအဆင်ပြေရန်အတွက် အုတ်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ အလုပ်သမားများလည်း အဆိုပါလုပ်ငန်းဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ သာစည်ကျေးရွာတွင် အုတ်လုပ်ငန်းလုပ်ကိုင်သူ (၁၁)ဦးခန့်ရှိကြောင်း သိရှိရသည်။
ရဲအောင်(ကသာ)