မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင် ဇန်နဝါရီ  ၃၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်ကဟောပြောရာတွင် နိုင်ငံတော်အနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ပြည်သူများအနေဖြင့် ဥပဒေကိုလေးစားလိုက်နာတတ်သည့် ယဉ်ကျေးမှုထွန်းကားရေးမှာအဓိကကျကြောင်း၊ သို့ဖြစ်၍ ဥပဒေပြုခြင်း၊ တစ်ဆင့်ခံဥပဒေပြုခြင်း၊ ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေဗဟုသုတ၊ ဥပဒေအယူအဆ၊ ဥပဒေနှင့်ညီသော အလုပ်များလုပ်စေရန်၊ ဥပဒေအသိရှိစေရန်၊ ဥပဒေကို လိုက်နာတတ်စေရန် ဥပဒေကိုကျင့်သုံး တတ်စေရန်၊ ပြည်သူနှင့်ဥပဒေ၊ ဥပဒေနှင့်ပြည်သူ အမြဲကြည်ဖြူစွာ လက်တွဲ၍ နိုင်ငံ့အကျိုး ဆောင်ရွက်နိုင်ကြစေရန်တို့အကို ရည်ရွယ်၍ ယခုကဲ့သို့ ဥပဒေအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ ဥပဒေသဘော တရားအကြောင်း သိကောင်းစရာများ(Legal Concept)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရွန်းနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ စသည့် အများပြည်သူ အကျွမ်းတဝင် သိရှိမှတ်သားထားသင့်သည်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် ဥပဒေအရာရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် ဥပဒေချုပ်က မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်တွင် ထားရှိနိုင်ရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသောဥပဒေ ( ၂၂၅ )ခုအားလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လေ့လာအသုံးပြုနိုင်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေစာအုပ်(၄၅)ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မုဒုံမြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက လက်ခံရယူခဲ့သည်။ယခုဥပဒေအသိပညာပေးဟော ပြောပွဲသို့ မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ( ၈၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)