မိုးညို ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိ့နိူင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက မြို့နယ်အဆင့်ဆောင်ရွက်နေသော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစဉ်များ၊ ကလေးသူငယ်များအား ကာကွယ်ဆေးဖြင့် ကာကွယ်ပေးနေသောရောဂါများ၊ ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းနေသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့် မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video အား ပြသ၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)