ဂန့်ဂေါ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည့်အတွက် အရာရာဟာအရှိန်အဟုန်နှင့် တိုးတက်ပြောင်းလဲလျက်ရှိပြီး ဆေးသိပ္ပံပညာရပ်များ ရောဂါရှာဖွေကုသတဲ့ ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ဆေးဝါးနှင့်ကုထုံးအသစ်များ တိုးတက်လာဖို့ နည်းပညာအကူအညီနှင့်ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် လေ့လာသိရှိဖို့လိုအပ်ကြောင်း၊ ယခုအချိန်တွင် ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်သောရောဂါများဖြစ်တဲ့ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများကို ထိန်းချုပ်ဖို့ လိုအပ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝန်းရှိ မကူးစက်တတ်သောရောဂါများ၏ ဖြစ်ပွားနိုင်ချေလေ့လာခြင်း သုတေသနကို ၂၀၂၄ခုနှစ်မှစတင်၍ ဆောင်ရွက်ပြီးစီးခဲ့ပြီး မကူးစက်တတ်သော ရောဂါဖြစ်ပွားမှုများကို ကာကွယ်တားဆီးခြင်းလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း အဟာရမျှတစွာစားသုံးသည့် အလေ့အထများရရှိဖို့ ပံ့ပိုးကူညီပေးရာတွင် နိုင်ငံတော်က ဘဏ္ဍာငွေ(၁.၅)ဘီလီယံကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် ကျန်းမာရေးဌာနဝန်ထမ်းများအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှစ၍ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား သတ်မှတ်အကြိမ်ရေပြည့်မီအောင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ရေးကို အထူးအလေးထားဆောင်ရွက်၍ ကျန်းမာရေးအသိအမြင်များ ဖွံ့ဖြိုးစေရန် ဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်းဗွီဒီယိုကိုပြသပြီး ခေတ္တခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထိုက်မှ တိုးချဲ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း