လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ(HPV) ရောဂါကာကွယ်ခြင်း ထိုးနှံ

လှိုင်းဘွဲ  ဇန်နဝါရီလ၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီး ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရန် အတွက် သားအိမ်ခေါင်းကင်ဆာ(HPV)ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက် ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြိုင်ကြီးငူအထူးဒေသ ကျေးလက် ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းသဇင်က အသက်(၉)နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက် ကာကွယ်ပေးခြင်း၊ အိတ်ချ်ပီဗီပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့် အကြောင်းအရာများ၊ အိတ်ချ်ပီဗီရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများကို ရှင်းလင်းပြောကြားပြီး အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါများ ကြိုတင်ကာကွယ် နိုင်ရန် အတွက် အမျိုးသမီးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်