စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူ

မုံရွာ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၈ ကျောင်းမှ သီလရှင် ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကြာဇံစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကြာဇံစက်လုပ်ငန်းရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လောင်းလှူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ မုံရွာတက္ကသိုလ်မှ ဆရာ၊ဆရာမများက “မုံရွာတက္ကသီလာ”တေးသီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီး ဝန်ကြီးချုပနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက အလေးပြုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲ များပိုမိုအဆင့်မြင့်စွာဖြင့် ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ရန်အတွက် မိမိတိုင်းဒေသကြီး အစိုး ရအဖွဲ့နှင့် မုံရွာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ အတူတကွ လက်တွဲဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် အောင်မြင်မှုများ ဆက်လက်ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦီးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိကြသူများနှင့် ဒုတိယ၊ တတိယဆုရ အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးက အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦး ချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအားလည်းကောင်း၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မုံရွာတက္ကသိုလ်မှ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ Fitness Dance အကနှင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေဿကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့သည့် ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြချီးမြှင့်ငွေများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ဦးထုပ်များပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရအားကစားသမားများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)