မော်လမြိုင် ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အရန်မီးသတ်သည်ပြည်သူအတွက် အားကိုးရသည့် မီးသတ်တပ်ဖွဲ့ဝင်ဖြစ်လာသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရန်မီးသတ်အင်အားကို ယခု ရှိသည့်အင်အားထက် တိုးပွားလာအောင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ သင်တန်းကပို့ချသည့်သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်အောင် သင်ယူထားသည့်အတွက် ဝမ်းမြောက်မိပါကြောင်း ရပ်ရွာအကျိုးပြည်သူအကျိုးကို အားသွန် ခွန်စိုက်ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် အခြားကျရောက်တတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးတွေကိုလည်း ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ပြီး ပြည်သူ့အကျိုးပြုဆောင်ရွက်ရသည့်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက် ဆောင်ရွက်ကြစေရေး အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၅) ရက်မှ ဇန်နဝါရီ (၃၀) ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိုးကျော်သူထံမှ သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)