သရက် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သရက်မြို့ သတ္တဌာနဘုရားကြီးဝန်းအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါထမနဲထိုးပြိုင်ပွဲတွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးလှမြင့်က ထမနဲထိုးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများနှင့် လိုက်နာရမည့်စည်းကမ်းချက်များ အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်ရာ ခရိုင်/မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အသင်း၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအသင်း၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးအသင်း၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာနအသင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အသင်း၊ ခရိုင်/မြို့နယ် လယ်/စီအဖွဲ့၊ စိုက်ပျိုးရေး၊မြေစာရင်းမွေးမြူရေးနှင့်ကုသရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်း၊ဆည်မြောင်း၊ သစ်တောတို့ပါဝင်သော အသင်း နှင့်ခရိုင်/မြို့နယ်တရားရုံး၊ ဥပဒေ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော အသင်း၊ ခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး၊ ခရိုင်/မြို့နယ် စိမ်းစို၊ ခရိုင်/မြို့နယ် စာရင်းစစ်တို့ ပါဝင် သောအသင်း၊ အကျဉ်းဦးစီးဌာနအသင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း အသင်း၊ အမှတ်(၃၁) အကြီးစားစက်ရုံအသင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ကြက်ခြေနီ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ထုတ်ရေးတို့ပါဝင်သော အသင်း ၊ မြို့မိမြို့ဖများ အသင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပါဝင်သောအသင်းများ ဝင်ရောက်ယှဉ်ခဲ့ကြရာ ပထမဆုရရှိသည့် အမှတ်(၃၁) အကြီးစားဘိလပ်မြေစက်ရုံ၊ဒုတိယဆုရရှိသည့် ခရိုင်/မြို့နယ်တရားရေး၊ဥပဒေ၊မီးသတ်ဦးစီးဌာနအသင်းနှင့် တတိယဆုရရှိသည့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး နှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)