Solar Pump & Accessories (၁၀) စုံဖြင့် ရေပေးဝေသဖြင့် နောင်ခရိုင်ကွင်းရှိ ရေကျနောက်စိုက်စပါးများ အောင်မြင်ဖြစ်ထွန်း

ဘားအံ ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာ၊ နောင်ခရိုင်ကွင်းရှိ ရေကျနောက်စိုက် စပါးများသည် နှစ်စဉ်အောင်ရေ ရရှိရန်ခက်ခဲခဲ့ရာမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ၏ Solar Pump နှင့် ရေပေး အဆောက်အဦများ တည်ဆောက်မှုပေးမှုကြောင့် ရေကျနောက်စိုက်စပါးများ အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်ကို မြင်တွေ့ရသည်။

နောင်ခရိုင်ကျေးရွာရှိ လယ်သမားများသည် စပါးကိုသာ အဓိကထားစိုက်ပျိုးကြသော်လည်း  နောင်ခရိုင်ကွင်းသည် မိုးရာသီတွင်ရေလွှမ်းသော ကြောင့် စပါးနှင့်အခြားသီးနှံများစိုက်ပျိုးရာတွင် ရေကျချိန်မှသာ ရေကျနောက်စိုက်အဖြစ် စိုက်ပျိုးရပြီး အောင်ရေရရှိရန်အတွက် ရွှေကင်း တူးမြောင်းမှ ရေစုပ်စက်ငယ်များဖြင့် စုပ်တင်ရသဖြင့် စက်သုံးဆီ ကုန်ကျစရိတ်များခြင်းကြောင့် စိုက်ပျိုးရေလုံလောက်စွာရရှိမှု အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေခဲ့ရသည်။

ယခုအခါ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFDA) ချေးငွေ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (ESAP) အစီအစဉ်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ တာဝန်ယူ၍ နောင်ခရိုင် ကွင်းရှိ မိုးရာသီတွင် ရေနစ်မြုပ်လယ် (၁၀၀) ဧကအား ရေကျနောက်စိုက် စပါးများ အောင်ရေရရှိရန်နှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရန် ရေထွက်နှုန်း တစ်နာရီ ရေဂါလန် (၂၂၀၀၀) ထွက်ရှိသော Solar Pump & Accessories (၁၀) စုံနှင့် ရေပေးအဆောက်အဦများကို တည်ဆောက်ပြီး ရေပေးလျက်ရှိသဖြင့် ရေကျနောက်စိုက် စပါးများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ရဲသာကျေးရွာတောင်သူများထံမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)