တောင်ငူ ဇန်နဝါရီ ၈
တောင်ငူ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးအမျိုးမျိုးတို့၌ ကုန်အညွှန်း အမှတ်အသား တံဆိပ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသည့် ပစ္စည်း များ၌ ပါဝင်ရမည့် အချက်အလက်များ၊ သုံးစွဲပုံ သုံးစွဲနည်း၊ စားသုံးသူများ လိုက်နာရမည့် အချက်များ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံး ရက်စွဲများ ရေးသွင်း ဖော်ပြထားခြင်းရှိ/မရှိအား စစ်ဆေးကြည့်ရှုကာ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများ သိရှိအောင် ဖော်ညွှန်း ပြသရမည့် အချက်များအား ခရိုင်တိုင်းရင်းဆေးပညာဦးစီးမှူး ဦးမြင့်အောင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးမြင့်သူတို့က အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးနှင့် အခြားသုံးစွဲနိုင်သည့် စားကုန်ပစ္စည်း အမျိုးမျိုးတို့ကို စျေးကွက်အတွင်း တင်သွင်းရောင်းချသည့်အခါ ကုန်အညွှန်း အမှတ်အသား များ ဖော်ပြပါရှိမှသာ ရောင်းချကြရန် ကုန်ပစ္စည်းအရောင်းဆိုင်များ၌ လည်းကောင်း၊ စားသုံးသူ ပြည်သူများ သိရှိ စေရန် အသိပညာပေးကဏ္ဍများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)