ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ (၂)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ကျောင်းသူများက အားကစားတေးသီချင်းအကများဖြင့် ကပြဖျော်ဖြေကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ရပ် ရွတ်ဆိုကြပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရူပဗေဒဌာန(အမျိုးသား)အသင်းနှင့် ဝိဇ္ဇာညွန့်ပေါင်း (အမျိုးသား)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝိဇ္ဇာညွန့်ပေါင်းအသင်းက နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ အရှေ့တိုင်းဌာန (အမျိုးသမီး)အသင်းနှင့် ရူပဗေဒဌာန (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာစာဌာန (အမျိုးသမီး)အသင်းနှင့် သင်္ချာဌာန (အမျိုးသမီး)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာစာဌာနအသင်းက နှစ်ပွဲပြတ်ဖြင့်လည်းကောင်း သီးသီးအနိုင်ရရှိကြသည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံမှ အမျိုးသားဘောလီဘောအသင်း သုံးသင်း၊ အမျိုးသမီးဘောလီဘောအသင်း ခြောက်သင်း၊ စုစုပေါင်းဘောလီဘောအားကစားအသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)