ရွှေဘို ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျင်းပပြုလုပ်ပူဇော်သည့် (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချမ်းသာကြီး၊ ချမ်းသာရစေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာတက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝိဿုတထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်ပြီး ရွှေဂူကျောင်းတိုက်ဆရာတော်မှ အနုမောဒနာဂါထာဖြင့် ပူဇော်ခဲ့ပြီးနောက် ဆရာတော် သံဃာတော်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာအောာင်မြေ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သံဃဒါနဆွမ်းဆန်တော် လောင်းလှူ ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)