သထုံ ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိ ချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ၏ (အဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင် ဆရာကြီး၊ ဆရာလေးများက ကြာသင်္ကန်းတော်အား စီတန်းကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးကြိမ်လှည်လည်ပူဇော်ကြပြီး သထုံမြို့၊ ရွှေတောင်ကျောင်းတိုက် ပဓာနနာယက၊ ဘန္ဒန္တသုစရိတထံမှ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များက ကြာသင်္ကန်းတော်အား စေတီတော်မြတ်ကြီးအထက်ဆီသို့ တင်လှူပူဇော်ကြပြီး မြသပိတ်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူတို့က ဝတ်အသီးသီးတို့ရှိ ရုပ်ပွားတော်မြတ်တို့အား ကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြကာ လှူဒါန်းမှုတို့အား ရေစက်သွန်းချ အမျှဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)