သထုံ ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့် နှီးဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာအကဲဖြတ်ဒိုင်အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ ဂေါပကအဖွဲ့ဝင်များနှင့်အကဲဖြတ်ဒိုင်အဖွဲ့တို့က ပြိုင်ပွဲဝင်အဖွဲ့များ၏ ခင်းကျင်းပြင်ဆင်ထားရှိမှုများကို လိုက်လံစစ်ဆေးကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးရာ ရပ်ကွက်/ ကျေးရွာအလိုက် ပြိုင်ပွဲဝင်အသင်းအဖွဲ့တို့က အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြသည်။
မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အစဉ်အလာမပျက် နှစ်စဉ်ထည့်သွင်းကျင်းပခဲ့ပြီး ယခုနှစ် (၆၈) ကြိမ်မြောက်တွင် သထုံမြို့နယ် အတွင်းရှိဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အသင်းအဖွဲ့များ စုစုပေါင်း အမျိုးသားအဖွဲ့ (၉) ဖွဲ့နှင့် အမျိုးသမီးအဖွဲ့ (၁)ဖွဲ့တို့ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)