မော်လမြိုင်မြို့၌ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်

မော်လမြိုင် ဇန်နဝါရီ ၃၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်၍ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာ မင်းရွာတိုက်ကျောင်း သက်ကြီးဓမ္မာရုံ၌ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာဖြစ်သော မင်းရွာစံပြကျေးရွာရှိ အမျိုးသမီးရေးရာ ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံ၍ မွန်ပြည်နယ် အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းက ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်စဉ်အကြောင်းအရာများနှင့် ကဏ္ဍကြီး (၅) ရပ်တို့ကို ပြောကြားခဲ့ပြီး ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှတစ်ဦးက အာဟာရအုပ်စုများအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် ပြည်နယ် အမျိုးသမီရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်း၊ ခရိုင် အမျိုးသမီရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ခိုင်၊ မြို့နယ်အမျိုးသမီရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်း နှင့်အဖွဲ့ဝင်များက မင်းရွာကျေးရွာ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း၍ စာလာရောက်ဖတ်ရှုကြသည့် ကလေးငယ်များအား အချိုရည်နှင့်မုန့်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ငွေတိုးချေးငွေဖြင့် စိုက်ပျိုးထားသော သီးနှံပင်များအား လိုက်လံကြည့်ရှု၍  ချေးငွေအကျေ ပေးဆပ်ပြီးသည့် အမျိုးသမီးများအား ထပ်မံ၍ ဝင်ငွေတိုးချေးငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)