မော်လမြိုင် ဖေဖော်ဝါရီ ၃၁
မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ် ၏ (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများမှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာပွဲတော်တစ်ခုဖြစ်တဲ့ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ ထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်ထမနဲထိုးအသင်းများ အားသက်သရော ဝင်ရောက်ယှဉ်ပြိုင်နေကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အချက်ပေးမောင်းကိုတီးခတ်၍ ထမနဲထိုးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်များမှ တပျော်တပါး ပါဝင်ဆင်နွှဲယှဉ်ပြိုင်နေမှုအပေါ် လှည့်လည် ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင်ကပြဖျော်ဖြေပေးခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အထူးဆုရရှိကြသည့် ပြိုင်ပွဲဝင် ထမနဲထိုးအသင်းများအားလည်းးကောင်း၊ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အကောင်းဆုံးပြိုင်ပွဲဝင် ထမနဲထိုးအသင်း (၁၀) သင်းအား ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့သည်။
အဆိုပါ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲတွင် ဌာနဆိုင်ရာအသင်း (၄၄) သင်း၊ မြို့ပေါ်ရပ်ကွက် (၇) သင်း၊ အသင်းအဖွဲ့များမှ (၅) သင်း၊ ပြိုင်ပွဲဝင် ထမနဲထိုး အသင်း (၅၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း တန်ခိုးကြီးစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ခရီးသွား ဒေသများတွင် ဘုရားဖူးလာခရီးသွားဧည့်သည်များ စိတ်အေးချမ်းမြေ့သာယာမှုရှိစေရေး အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်ရှိ ကုသိနာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဝင်သာသနိက အဆောက်အဦများ အများပြည်သူများ လေ့လာနိုင်ရေးနှင့် စနစ်တကျထိန်းသိမ်းနိုင်ရေးမှာကြားခဲ့ပြီး ကုသိနာရုံ ဗုဒ္ဓဝင်ဘုရားဝင်း အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်တွင် ကျေးလက်နှင့်မြိုပြ ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် မော်လမြိုင်မြို့နယ်အတွင်းရှိ ရေပိုင်း ကျွန်းစုကျေးရွာများတွင် မတ်ပဲသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့နယ်၊ ကော့ပေါက်ကျေးရွာ၌ကျင်းပပြုလုပ်ရာ ဦးစွာမော်လမြိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ကော့စိန်၊ ကော့ပေါက်၊ ကော့တွန်ကျေးရွာများရှိ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးပြီးစီးမှု အခြေအနေ၊ ကော့တွန်ကျေးရွာ၏ သီနှံစိုက်စွမ်းအား (၂၀၀) ရာခိုင်နှုန်း၊ ကော့ပေါက် ကျေးရွာ၏ သီးနှံစိုက်စွမ်းအား (၂၀၀) ရာခိုင်နှုန်း၊ ကော့စိန်ကျေးရွာ၏ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေ (၇၅၈) ဧကတွင် ကွမ်း၊ အုန်းသီး၊ ငှက်ပျော်နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး မိုးဆောင်းနေခြည်ကုမ္ပဏီ၊ TBL မျိုးစေ့ထုတ် ကုမ္ပဏီတို့မှတာဝန်ရှိသူများက မော်လမြိုင်မြို့နယ်ကျွန်းစုကျေးရွာများဖြစ်သည့် ကော့ပေါက်၊ ကော့စိန်၊ ကော့တွန်ကျေးရွာအုပ်စုတို့တွင် ဆီထွက်သီးနှံ (ဆောင်းသီးနှံ) မတ်ပဲသီးနှံ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စာရေရိက္ခာဖူလုံရေးနှင့်ဆီထွက် သီးနှံ များ အထွက်နှုန်းမြင့်မားစေရေး ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးသွားကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံစိုက်စွမ်းအား ပန်းတိုင်အထွက်နှုန်း ရရှိစေရေး အတွက် တောင်သူများက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်းနှင့် ပြည်နယ် အစိုးရအဖွဲ့မှလည်း သွင်းအားစုများနှင့်လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသခံတောင်သူများမှ ကုန်ထုတ်လမ်းဖောက်လုပ်ပေးစေလိုမှု၊ ကျေးရွာချင်း ဆက်ကုန်ထုတ်တံတား ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် ကျေးရွာလမ်းမီလင်းရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာရရှိစေရေး တင်ပြတောင်းခံခဲ့မှု အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကော့ပေါက်ကျေးရွာတောင်သူ ဒေါ်မိုးမိုး၏မတ်ပဲမြေပဲစိုက်ခင်းရှိ TBL-9 မတ်ပဲစိုက်ခင်းအတွင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)