မကွေး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘတ်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲသည် အခမ်းအနားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့် မာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ ပညာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသ ကြီးအနေဖြင့်တက္ကသိုလ်ဝင်တန်း အောင်ချက်သည် ၂၀၂၅ ခုနှစ်တွင် (၅၁.၅၀) ရာခိုင်နှုန်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅၂)ခုမှာ စာဖြေသူပေါင်း(၂၂ဝ၈၆)ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်ပြီး ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲ စာစစ်ဌာန(၅)ခုမှာ စာဖြေသူပေါင်း(၃၅၁)ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်ချက် ပိုမိုမြင့်မားရေးအတွက် ရလဒ်ကောင်းများ ရရှိစေဖို့အတွက် တက်ရောက်လာသူ ဆရာ၊ ဆရာမများကလည်း တက္ကသိုလ်မှပါမောက္ခ(ဌာနမှူး)များရဲ့ ပို့ချဆွေးနွေးမှုကို စိတ်ဝင်တစား လေ့လာမှတ်သားပြီးမိမိကျောင်း၊ မိမိကလေးများ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ရေး၊ ဂုဏ်ထူးများစွာရရှိရေး၊ ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနဲ့စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲ တို့မှာမကွေးတိုင်းဒေသကြီးရဲ့ အောင်ချက်မြင့်မားစွာ ရရှိရေးကြိုးစားသွားကြပါလို့ တိုက်တွန်းပြော ကြားသည်။
ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်ကေခိုင်က မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင် ရာသိကောင်းစရာများနှင့် ပတ်သက်၍ ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ တက်ရောက် လာကြသည့်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
အဆိုပါမကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲသို့ မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများပါဝင်သည့် နည်းပြဆရာ၊ ဆရာမတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)