တောင်ငူ ဇန်နဝါရီ ၃၁
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ယိုယွင်းခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သော တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင် မဟာအောင်မြေ ကောင်းမှုတော်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကောင်းမူတော်စေတီတော်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သံဃာတော်အရှင်မြတ်များက နတ်၊ ဗြဟ္မာများကို ပင့်ဖိတ်သည်။ ထို့နောက် ကောင်းမှုတော် စေတီတော်မြတ်ကြီးတွင် စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်သစ်၊ ထီးတော်သစ် တင်လှူပူဇော်ခြင်း၊ ငှက်ပျောဖူးမှ ဖောင်းရစ်ထိ ရွှေသင်္ကန်းကပ်လှူခြင်းအတွက် အလှူတော်ငွေ ကျပ်သိန်းပေါင်း(၆၇၅၀) မတည်လှူဒါန်းပေးခဲ့သော အလှူဒါယကာ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဇနီးဒေါ်ဝတ်ရည်အေးမိသားစုနှင့် ခုနစ်ရက်သားသမီးအလှူရှင်များက သံဃာတော်အရှင်မြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး မေတ္တာသုတ် ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်သည်။ ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်အပ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်းချည်နှောင်ပြီး ဆရာတော်အရှင်မြတ်များထံ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ယာယီစံကျောင်းမှ ပန်းရထားဖြင့် ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ်တစ်ပတ်ပတ်ပြီး ပင့်ဆောင်သည်။ ထို့နောက် ခုနစ်ရက်သားသမီးအလှူရှင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ ထီးတော်၊ ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို ပန်းရထားဖြင့် အစီအစဥ်အတိုင်း တင်လှူပူဇော်ပြီး ဆရာတော်အရှင်မြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကာ နတ်၊ ဗြဟ္မာတို့ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခုနစ်ရက်သားသမီးအလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)