ပခုက္ကူ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ၁၈ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငြမ်းဆင်လုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ် လုပ်ငန်းနှင့်ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစသည်ဖြင့် အပိုင်း(၃)ပိုင်းခွဲ၍ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ၁၈ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စေတီတော်ကြီးအပါအဝင် အရန်စေတီ (၃၆)ဆူတို့အား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် စေတနာရှင်ပြည်သူများအနေဖြင့် ဘုရားကြီးသို့ လူကိုယ်တိုင်လာရောက်လှူဒါန်းကြသလို နယ်ဝေးမှစေတနာရှင်ပြည်သူများ အနေဖြင့်လည်း သီဟိုဠ်ရှင်ဂေါပကအဖွဲ့(Facebook Page)မှတစ်ဆင့်အသိပေးနှိုး ဆော်ထားသော THIHO SHIN PAGODA (၀၉-၇၇၇၈၅၃၅၃၆) အမည်ဖြင့် ဖွင့်လှစ်ထားသည့် AYA PAY Account တွင် အများအပြားကုသိုလ်ပြု ပါဝင်လှူဒါန်းကြသည်ကို တွေ့ရကြောင်း၊ ယခုအခါ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အများပြည်သူလှူဒါန်းမှုစုစုပေါင်း ငွေကျပ် ၁၆၅၀သိန်းကျော် လက်ခံရရှိထားပြီးဖြစ်သလို လုပ်ငန်းအနေဖြင့်လည်း ၉၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း၊ စေတီတော်ကြီးရွှေသင်္ကန်း ကပ်လှူပူဇော်မှုလုပ်ငန်း အရည်အသွေးပြည့်မီကောင်းမွန်စေရေးနှင့် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ပခုက္ကူမြို့ရှိ ထေရ်ကြီးဝါကြီးဆရာ တော်များ၊ နိုင်ငံတော်ဆင့်၊တိုင်းဒေသကြီးအဆင့်နှင့်မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘုရားကြီးဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများစုပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားသည် ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့ သော ဘုရားဖြစ်သည့်အပြင် အင်္ဂလိပ်အစိုးရလက်ထက်ဂေဇက်ဒီယားဝင်ဘုရား တစ်ဆူလည်းဖြစ်ခြင်းကြောင့် ဘုရားစေတီ တော်ကြီးကို ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့်စေတနာရှင်ပြည်သူများက စဉ်ဆက်မပြတ်ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြ ပြီး စေတီတော်ကြီးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၁၄ခုနှစ်တွင် နောက်ဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)