လှိုင်းဘွဲမြို့နယ်တွင် ခွေးရှုးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

လှိုင်းဘွဲ ဇန်နဝါရီလ ၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ခွေးရူးရောဂါကင်းစင် မြန်မာ ပြည်တစ်ခွင် ၂၀၃၀ တွင်” ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ် စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွေးရူးရောဂါကာကွယ်ဆေးကို လှိုင်းဘွဲမြို့နယ်အတွက် ကာကွယ်ဆေးအလုံးရေ(၁၅၀)လုံးရရှိပြီး ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို  ခရိုင်ဦးစီးမှူး ဒေါက်တာငယ်ငယ်အောင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးအောင်၊ ဒေါက်တာ သီဟနှင့်ဝန်ထမ်းများက မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာများ အတွင်းရှိ နေအိမ်များတွင် မွေးမြူထားသော ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည်ဌာန၏ ရည်မှန်းချက်ဖြစ်သော(၂၀၃၀)ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ခွေးရူးရောဂါကင်းစင်ရန်အတွက် စီမံချက်ချမှတ်ပြီး  စီမံချက်အရ ပြည်သူများနှင့် ပူးပေါင်းပြီး အိမ်မွေး တိရစာ္ဆန်များ ဖြစ်သည့် ခွေး၊ကြောင်းများကို ရောဂါများ မဖြစ်ပွားစေရန် အတွက် ခွေးရူးရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးရခြင်းဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ခွေးတွေ အပြင် ကြောင်ကနေတစ်ဆင့် လူတွေကို ခွေးရူးရောဂါ ဖြစ်ပွားကူးစက်စေနိုင်သည့်အတွက် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကွင်းဆင်း၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစိုးအောင် ထံမှ သိရသည်။

ခင်စန်းမြင့်