စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပို့တွဲလ စုပေါင်းထမနဲထိုးပွဲတော်ကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တပို့တွဲလထမနဲထိုးပွဲဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲသည် ရာသီစာဖြစ်၍ ယခုကဲ့သို့ ပြုလုပ်၍ရရှိလာသော ထမနဲများကို တပို့တွဲလပြည့်နေ့တွင် မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦးဖျားဖျား ကပ်လှူပူဇော်ကြရန်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြရန်၊ ဘိုးဘွားဆရာသမားများနှင့် အိမ်နီးနားချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများအား လှူဒါန်းဝေငှကျွေးမွေးကြရန်၊ တစ်ဦးနှင့် တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် အချင်းချင်း ရိုင်းပင်းကူညီစိတ် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်လမ်းဦးစီးဌာနရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်းထမနဲထိုးနေမှုကိုလည်းကောင်း သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များတွင် တပို့တွဲလ၌ ထမနဲထိုးပွဲကို အစိုးရဌာနများ၊ ရပ်ကွက်များ၊ ကျေးရွာများနှင့် နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြပြီး ထမနဲထိုးရာတွင်ပါဝင်ကြသူများသည် အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးထား၍ ဆောင်ရွက်ရခြင်းကြောင့် အားထည့်ကာ ထိုးရသော စည်လုံးညီညွတ်မှုကို ပေါ်လွင်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)