ငဖဲ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းတပ်နယ်၏ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တပ်နယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများစုပေါင်း၍ မြို့နယ်လုံးကျွတ် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက ပဒါန်းအားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပြိုင်ပွဲသို့ နယ်မြေခံတပ်နယ်မှ ပဒါန်းတပ်နယ်မှူးဗိုလ်မှူးချုပ် နိုင်ဝင်းနှင့် ဗိုလ်မှူးများ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများကို ပြောကြားပြီး တပ်နယ်များ၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း တပျော်တပါး ပါဝင်ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး ဒိုင်အဖွဲ့မှ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ကြကာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်း (၅)သင်း စုစုပေါင်း အသင်း (၈)သင်းကို တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြကြောင်း သိရသည်။
အဆိုပါ ထမင်းနဲထိုးပြိုင်ပွဲကို မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရန်၊ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)