ဖောင်းပြင် ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချမ်းသာထွန်းက လက်ရှိဆောင်ရွက်နေသော ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ၂၀၂၆ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသော ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြကာ မြို့နယ်အဆင့် ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အခမ်းအနားသို့တက်ရောက်လာသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)