သထုံမြို့ မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

သထုံ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူပွဲကို ယနေ့ (တပို့တွဲလပြည့်နေ့) နံနက်က မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့် နှီးဘုရာကြီးအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

နံနက် အရုဏ်တက်ချိန်တွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်နှင့် သီလရှင်များအား စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ စီမံမှုဖြင့် အလှူရှင်အဖွဲ့အသီးသီးတို့မှ ဆွမ်းဆက်ကပ်ကြသည်။

ဆွမ်းကြီးလောင်းပွဲတော်တွင် သထုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇော်မိုးစိုး၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်ဦးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ကြကာ စေတီတော်မြတ်၏ နာယကဆရာတော်ကြီး ၃ ပါး ဦးဆောင်သည့် သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း(၈၉)ကျောင်းတို့မှ သံဃာတော်နှင့်သီလရှင် စုစုပေါင်း(၃၂၀)ပါးတို့အား သထုံမြို့နယ်အတွင်းရှိ ပြည်သူအပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ စေတီတော်အား ကြာသင်္ကန်းတော်များဆက်ကပ်လှူဒါန်းခြင်း၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပခြင်း၊ မဟာနိဗ္ဗာန်ဈေး စတုဒိသာအလှူတော်များပြုလုပ်ခြင်း၊ ဆွမ်းကြီးလောင်းပွဲကျင်းပခြင်းတို့ဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်