မင်းဘူးမြို့၌ တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ    ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ပဉ္စမအကြိမ်မြောက် တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက် နေ့လယ် ၃ နာရီက မင်းဘူမြို့ အမှတ် (၄) ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပသည်။

ဦးစွာ ထမနဲထိုးပြိုင်ပွဲတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များအနက်မှ ယခု တပို့တွဲလရာသီတွင် ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ရရှိလာသော ထမနဲများဖြင့် အလှူအတန်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ထမနဲထိုးပြိုင်ပွဲအား မင်္ဂလာမောင်းတီး၍ စတင်ဖွင့်လှစ်ပေးသည်။

အဆိုပါထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ထမနဲထိုးပြိုင်ပွဲ၌ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တက်ညီလက်ညီယှဉ်ပြိုင်ခဲ့ရာ အမှတ်ပေးအဖွဲ့မှ ဒိုင်လူကြီးများက လှည့်လည်ကြည့်ရှုအကဲဖြတ် အမှတ်ပေး၍ ထမနဲထိုးပြိုင်ပွဲတွင် ဆုရှိသော အသင်းများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ခဲ့သည်။

မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ပဉ္စမအကြိမ်မြောက် တပို့တွဲလရာသီ မြန်မာ့ရိုးရာ စုပေါင်း ထမနဲထိုးပြိုင်ပွဲတွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့အပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၂) သင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ထမနဲထိုးပြိုင်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အသင်းက ပထမ၊ မီးသတ်ဦးစီးဌာနအသင်းက ဒုတိယနှင့် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအသင်းက တတိယဆု တို့ကိုရရှိခဲ့ကြောင်း၊ ပြိုင်ပွဲမှ ရရှိလာသော ထမနဲများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ပေါ်ရှိ ဘုရားစေတီ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)