ရွှေဘိုမြို့၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပုခန်း (ဒုံးဘုရား) စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှု အောင်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပုခန်း (ဒုံးဘုရား) စေတီတော်မြတ်ကြီး ဘက်စုံပြန်လည် ပြုပြင်မွမ်းမံပြီးစီးမှုအောင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁) ရက်နေ့နံနက် (၈) နာရီအချိန်က ပုခန်း (ဒုံးဘုရား) စေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိ ဘဒ္ဒန္တဝိဿုတထံမှ ငါးပါသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ညောင်ပင်သာဓမ္မာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဏ္ဒကာဘိဝံသမှ လှူဒါန်းမှုအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)