ပခုက္ကူ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့တို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ ထမနဲထိုးပြိုင်ပွဲတွင် ပခုက္ကူမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း အဖွဲ့ (၁၄)ဖွဲ့ဖြင့် ထမနဲထိုးဆင်နွှဲကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက တပျော်တပါးကြည့်ရှုအားပေးကြသည်။
ထို့နောက် ရိုးရာထမနဲထိုးပြိုင်ပွဲဝင်အဖွဲ့များအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသော ပွဲတော်များတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အချင်းချင်း ဖေးမကူညီလိုစိတ်ရှိစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်စေရန်၊ မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)