ဆိပ်ဖြူ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု အားနည်းနေသေးသည့် ဒေသများအတွက် လွှမ်းခြုံမှုပိုမိုမြင့်မားဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် အသိပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသအကျိုးအထောက်အကူပြု လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက ပြည်သူအများ ကျန်းမာရေးဆိုင်ရာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများတွင် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်နေမှုအခြေအနေများကို အဖွင့်အမှာစကားများ ပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထက်အောင်နှင့် ကျန်းမာရေးမှူးအဆင့် (၁) ဦးအောင်မင်းစိန်တို့က ဒေသခံပြည်သူများအတွက် ကျန်းမာရေးအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ကူးစက်နိုင်သည့်ရောဂါများအန္တရာယ်နှင့် မကူးစက်နိုင်သည့်ရောဂါများ အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေခြင်းလုပ်ငန်းများ၊ လစဉ်ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးနှံ တိုက်ကျွေးမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု အားနည်းနေသေးသည့် ဒေသများအတွက် လွှမ်းခြုံမှုပိုမိုမြင့်မားစွာဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များ ရှင်းလင်းတင်ပြပေးသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသအကျိုးအထောက်အကူပြု လူမှုရေးအဖွဲ့ဝင်များက အကြံပြုဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးလင်းနိုင်