ကျွန်းလှ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် ရပ်ကွက်ဈေးအနီး၊ ကျွန်းလှ-သဖန်းဆိပ်သွား သံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ပြီး၍ သွားလာရေး အဆင်ပြေနေကြောင်း သိရသည်။
အဆိုပါ သံလမ်းကူးမှာ ကျွန်းလှမြို့နှင့် ကျေးရွာပေါင်း(၁၀၀)ကျော်မှဒေသခံပြည်သူများနေ့စဉ် ဖြတ်သန်းသွား လာနေသော လမ်းဖြစ်ကြောင်း၊ ယခင်က လမ်းကျဉ်းပြီး ယာဉ်အန္တရာယ်စိုးရိမ်ရ၍ မြို့နယ် စည်ပင်သာယာ ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဈေးကော်မတီ၊ အလှူရှင်များ ပူးပေါင်းပြီး ကိုယ်အား ကိုယ်ကိုး အရှည်(၈၀)ပေ၊ အကျယ်(၂၄)ပေ ကွန်ကရစ် လမ်းချဲ့ခြင်းဖြစ်ကြောင်း သစ်ရာမြိုင် ဈေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားခဲ့ သည်။
ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၄)ရွာရှိပြီး ကျေးရွာ ပေါင်း(၁၀၀)ကျော်မှာ သံလမ်းအနောက်ဘက်တွင်ရှိကြောင်း၊ ယခုလိုသံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ခြင်း ကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဖြန်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)