စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ပိုင်းတွင်ကျင်းပရာ အဆိုပါစေတီတော်ကြီး၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊သံဃာ တော်အပါး(၂၇၀)အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နေပြည်သူများက ဆွမ်းဆန်စိမ်းနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လူဦးရေ(၁၀၀၀၀)အား စတုဒီသာထမင်းနှင့်ကော်ဖီများ တစ်ပျော်တစ်ပါး ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကန့်ဘလူခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ Power  Point ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များနှင့် တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီးတို့က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ မိမိတို့တာဝန်ယူဆောင်ရွက် နေသည့် ဒေသဖွံ့ဖြိုုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စီချိန်စံညွှန်းမီ အရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများ စားရေရိက္ခာဖူ လုံစေရေးအတွက် ခရိုင်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးတို့က ကန့်ဘလူမြို့နှင့်ကျွန်းလှမြို့နယ်များရှိ  ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတာဝန်ထမ်းဆောင် နေကြသည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၁၀ သိန်းစီအားအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များက လူနာများ၏ ရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအပေါ် လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေကြသည့် ဒေသပြည်သူများအား တာဝန်ရှိသူများနှင့်အတူ အဟာရပြည့် စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ကြပြီး ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၃၁ ရက်၊ ညနေပိုင်းတွင် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော်ကြီးအနီးရှိ ဗောဓိကွင်း၌ ကျင်းပပြုလုပ်သည့် မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရာများ အမျိုးသား၊အမျိုးသမီးအဖွဲ့ (၁၂)ဖွဲ့၏ တစ်ပျော်တစ်ပါး ထမနဲ ထိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှိးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် အမျိုးသား၊အမျိုးသမီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီး မြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ပြီး ထမနဲထိုးပြိုင်ပွဲဝင် အသင်း (၁၂)သင်းအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီးက ဒုတိယဆုရရှိသည့် အမျိုးသား၊အမျိုးသမီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများ အား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက တတိယ ဆုရရှိသည့် အမျိုးသား၊အမျိုးသမီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။  

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နှစ်သိမ့်ဆုရရှိကြသည့် အမျိုးသား၊အမျိုးသမီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)