မော်လမြိုင် ဖေဖော်ဝါရီ ၂
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၉၄)ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှစတင်၍ မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့် လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီး တစ်လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ ပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိဒုတိယရက်အဖြစ် လည်းကောင်း၊ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အထိ တတိယရက်အဖြစ်လည်းကောင်း၊ စတုတ္ထရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိလည်းကောင်း လှည့်လည်အပူဇော်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ ဒေသစာရီကြွချီပူဇော်ပွဲတွင် ကြည်ညိုဖွယ်ကောင်းအောင် ပင့်ဆောင်ပူဇော်ကြသည့် ယာဉ်များအား ဆုချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယ၊ ကြိုးစားအားထုတ်မှုဆုနှင့် အထူးဆုရရှိသော ရပ်ကွက်ဥပဿကာအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည် ပူဇော်ရေးအဖွဲ့ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့တာ ဖြစ်ပြီးယခင်ကာလအချိန်တုန်းက အထမ်းဖြင့်ဘုရားများကို လှည့်လည်ပူဇော်ခဲ့ကြကာ ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင် အမတ်သခင်သင်းလှိုင်က ဦးစီးပြီး မြို့လုံးကျွတ် လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)