ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၆၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သည်။

 ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အကြိမ်(၂၀)မြောက် ထမနဲထိုးပြိုင်ပွဲကြီးတွင် ပျော်ပျော်ရွှင်ရွှင်၊စည်းစည်းလုံးလုံးဖြင့် ပါဝင်ဆင်နွှဲကြရင်း ကရင်ပြည်နယ်ကြီးတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်သည့်အင်အားများဖြင့် ဖော်ဆောင်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၊ ကြီးကြပ်ဒိုင်များက ပြိုင်ပွဲဝင်ရန်သတ်မှတ်နေရာများတွင် နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်နိုင်ကြောင်း မင်္ဂလာရွှေမောင်းသုံးချက်တီး၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်ထမနဲထိုးအသင်းများက အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များ၊ ကရင်ရိုးရာဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေ၍ ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲဝင်ထမနဲထိုးအဖွဲ့များယှဉ်ပြိုင်မှုအပြီး ဒိုင်အဖွဲ့များအမှတ်ပေးအကဲဖြတ်နေစဉ်ကာလတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအထိမ်းအမှတ်ဌာနဆိုင်ရာများ၏ အနည်းဆုံးအမြင့်ပေ ၄၀ နှင့်အထက်၊ အောက်ခြေအချင်း ၈ ပေရှိ မီးပုံးပျံ ၁၁ လုံးကို လွှတ်တင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဘားအံတက္ကသိုလ်အသင်း၊ ဒုတိယဆုရရှိသည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအသင်း၊ တတိယဆုရရှိသည့် ပညာရေးအသင်းနှင့် အခြားဆုရရှိသည့် ထမနဲထိုးအသင်းများအား ပြည်နယ်အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)