ဘားအံ ဖေဖော်ဝါရီ ၂
(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရာမညနိကာယကျောင်းတိုက်၌ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမနှင့် ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်အမျိုးသားနေ့အခမ်းအနားသို့တက်ရောက်လာသော မွန်တိုင်းရင်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်အမျိုးသားနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မွန်အမျိုးသားအလံအား တိုင်ထိပ်သို့လွှင့်တင် အလေးပြုကြသည်။
ထို့နောက် အိန္ဒုမွန်ကျောင်းဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သဘာပတိနှင့်သဘာပတိအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြပြီး သဘာပတိ အိန္ဒုမွန်ကျောင်းဆရာတော်က အဖွင့်ဩဝါဒကထာမြွက်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားပြည်သူများ၏စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ လိုအပ်သည့်အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့်အေးချမ်းသာယာစွာနေထိုင်နိုင်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍပေါင်းစုံကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့အခမ်းအနားအတွက် ကျပ်သိန်း ၂၅၀ ကို ချီးမြှင့်ပေးအပ်ပြီးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)