ချောင်းဆုံ ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်း လက်ဆေးခြင်း နှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် က စည်ပင်သာယာရေး အဖွဲ့ မှတာဝန်ရှိသူများက ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ချောင်းဆုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ဈေးများ ဖြစ်သည့် ချောင်းဆုံမြို့မအမှတ်(၁)ဈေး၊ မြို့မအမှတ်(၂)ဈေး၊ ရွာလွတ်ဈေး၊ ကမာမိုဈေး၊ မုရစ်ကလေးဈေးစသည့် အဖွဲ့ပိုင်ဈေး(၅)ဈေးတို့ရှိ ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ကိုင်တွယ်ထိတွေ့မည်ဆိုပါက လက်ကို ဆပ်ပြာ (သို့မဟုတ်) Hand Sanitizer Gel နှင့် သေချာစွာဆေးကြောရန် စသည့် သတိပေးစာများ ပါရှိသည့် စောင်ရေ(၁၈၀)စောင်ရေကို ဈေးအတွင်း လာရောက်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)