ဂန့်ဂေါ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
ထိုသို့ ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲတွင် ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ကာ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း