မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၏ အပတ်စဉ် (၅၁)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ်(၅၁)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝာာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ အလွန်အရေးပါပြီး အခြေခံကျတဲ့ကျန်းမာရေး စောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ကြရမဲ့ သူနာပြုသားဖွားလောင်းများကို ကြိုဆိုတဲ့အခမ်းအနားဖြစ်ကြောင်း၊ သစ်လွင်သင်တန်းသား သင်တန်းသူများအနေဖြင့် ပြည်သူလူထုအား အရည်အသွေးပြည့်ဝ‌သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့် မိမိတို့တိုးတက်မှုကို အလေးထားကြိုးပမ်းကြရင်း သူနာပြုစုမှု အတတ်ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်စွာပြုစုပေးနိုင်သော သူနာပြုကောင်းများဖြစ်ကြစေရေး ကြိုးစားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၏ အပတ်စဉ်(၅၁)၊ မောင်မယ်သစ်လွင် သင်တန်းသား၊ သင်တန်းသူများက ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအတွက် ‌ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့သည်။

ယင်းနောက် သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများက အကအလှများ၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)