မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၄

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုအသိပညာပေးဟောပြောပွဲတွေ ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်နစ်နာပျက်စီးဆုံးရှုံးစေတဲ့ ကိစ္စရပ်များနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်လာမှာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်ခြင်းဟာ အဓိကကျတဲ့အခန်းကဏ္ဍ ဖြစ်သလို ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင်မှုဟာလည်း အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့အသိအမြင်ဗဟုသုတတွေကို မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နဲ့ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန်အတွက် နိုင်ငံသားအားလုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)