ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက် 

ဘားအံ ဖေဖော်ဝါရီ ၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခဲ့မှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ကရင် ပြည်နယ် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်‌အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေအရှည် ပေ (၁၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးက လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများအရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေး သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ အရှည်ပေ ၁၀၀၀ ဆောင်ရွက်နေမှုနှင့် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဘားအံမြို့နယ် ကော့လှိုက်နှင့် ဝင်းကျန် ကျေးရွာကြားရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း မြေထိန်းတမံ အလျားပေအရှည် ပေ (၆၀၀) ၊ (၂)ခု မှ အလျားပေ ၆၀၀ တစ်ခု နှင့် ဘားအံမြို့နယ် ကော့လှိုက်နှင့်ဝင်းကျန်ကျေးရွာကြား သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သဲစုပ်သောင်တူး၍မြေဖို့ခြင်း အလျားပေ ၅၀၀ လုပ်ငန်း နှင့် ပြည်နယ်အထွေထွေပိုလျှံငွေရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာနှင့် ဝင်းကျန်ကျေးရွာကြား သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (4”×4”×8”) Porcupine (၂၄၀) ပြုလုပ်ချထားခြင်းလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားသည်။

ကော့လှိုက်ကျေးရွာ သံလွင်မြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း အလျားပေ (၁၀၀၀)အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၆၂၀ ဒသမ ၄၆  သန်းဖြင့် သံလွင်နဂါးကုမ္ပဏီ နှင့် ဒေါနဂုဏ်ကုမ္ပဏီတို့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက် စတင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် မေလကုန်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်းဆောင်မှုရာခိုင်နှုန်း (၆၁)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)