ဘားအံ ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များသည်နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ရာ လူငယ်များကိုပြုစုပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကိုဖန်တီးပုံဖော်နေခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ဖန်တီးနိုင်စွမ်းကိုယုံကြည်ပြီး ပန်းချီအနုပညာမှတစ်ဆင့် မိမိဘဝကိုတိုးတက်စေမည့်ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာရင်း ကရင်ပြည်နယ်နှင့်နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သည့် လူကောင်း၊လူတော်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲတွင် သင်တန်းထူးချွန်ဆုရရှိကြသူများ၊ သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းနည်းပြတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးက စနေ၊တနင်္ဂနွေ ပိတ်ရက်(၂၅)ရက်ကြာ တက်ရောက်သင်ကြားပြီးမြောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသား၊သင်တန်းသူများ၏ ပန်းချီလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)