ဘားအံ ဖေဖော်ဝါရီ ၄
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ အမှတ်(၃)အခြေခံပညာမူလတန်း လွန်ကျောင်းရှိ အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။
အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံ ငွေကျပ်(၅၀၈ ဒသမ ၃၆၈ သန်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး အဆိုပါကျောင်းဆောင်သစ်ရှိစာသင်ခန်းများ၊ ပညာရေးဌာနမှဖြည့်ဆည်းပေးသော စာရေးခုံများ၊ ပရိဘောဂများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အထက်တန်းအဆင့်ပြီးမြောက်အောင်သင်ကြားပေးကြရန်၊ ပညာသင်ကြားခွင့်ကို လမ်းကြောင်းမှန်သို့ ရောက်အောင်လမ်းညွှန်ပေးကြရန်၊ ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များကလည်း ကျောင်းဝင်နှုန်းမြင့်မားလာစေရေး ကျောင်းနေမြဲရေးတို့အတွက် ကြီးကြပ်ပံ့ပိုးပေးကြရန်နှင့် ဆရာ၊ဆရာမများအနေဖြင့်လည်း တပည့်များအပေါ် ရင်ဝယ်သား၊သမီးကဲ့သို့စိတ်ထားမွန်မြတ်စွာဖြင့် စေတနာအရင်းခံ၍ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ်အား တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံလွှဲပြောင်းပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)