လိပ်သို ဖေဖော်ဝါရီ ၄
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် “(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်မည်သည့် ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရ ပေးအပ်ခဲ့ကြောင်းနှင့် အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း