မော်လမြိုင် ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ မြို့လုံးကျွတ်ဒေသစာရီကြွချီပူဇော်ခြင်းကို နှစ်စဉ်မပြတ် ကျင်းပလျက်ရှိရာ (၉၄) ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲနှင့် ဒဿမအကြိမ်မြောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မော်ရဝတီပန်းခြံရှေ့၌ ကျင်းပပြုလုပ်ရာ ဦးစွာအခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လုံးကျွတ် ဒေသစာရီကြွချီပူဇော်ခြင်းကို ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ရေးအဖွဲ့ တာဝန်ရှိသူများထံ ရပ်ကွက်အလိုက် ကြိုးစားအားထုတ်မှု အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသော ရပ်ကွက်ဥပဿကာအဖွဲ့များအား ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲနှင့် ဒဿမအကြိမ်မြောက် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် တတိယနှင့် ဒုတိယဆုရရှိခဲ့ကြသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ရေးအဖွဲ့များအား ဂုဏ်ပြုဆုများ၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီပူဇော်ပွဲတွင် ကြည်ညိုသပ္ပါယ်စွာ ပင့်ဆောင်ပူဇော်ကြသည့် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက် လှည့်လည်ပူဇော်ရေးအဖွဲ့အား ပထဆုအဖြစ် ဂုဏ်ပြုဆု၊ ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ ဓမ္မတေးဂီတဖျော်ဖြေရေးအဖွဲ့အား ဆုများ ချီးမြှင့်၍ အခမ်းအနားအား ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာတွင် ၂၀၂၆ ခုနှစ်၊ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေရွာများမှ မွန်တိုင်းရင်းသားများက ကွင်းအတွင်းသို့နေရာယူခဲ့ကြပြီး မွန်အမျိုးသားသီချင်းဖြင့် မွန်အမျိုးသားအလံအားလွှင့်တင်ခြင်းအား ဆောင်ရွက်၍ ကျဆုံးလေပြီးသော မွန်အမျိုးသားခေါင်းဆောင်များအား အလေးပြုကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သဘာပတိအဖွဲ့ဝင်များက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသဘာပတိ အဖွဲ့ဝင် တစ်ဦးမှ မွန်အမျိုးသားနေ့ ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံမွန်တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး မွန်စာပေနှင့် ယဥ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း မွန်စာပေပြိုင်ပွဲမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ ၂၀၂၇ ခုနှစ်၊ (၈၀)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်မည့် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာသို့ မွန်အမျိုးသားအလံအား လက်ဆင့်ကမ်းလွှဲပြောင်းပေးခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၊ မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု စင်တာအတွင်းရှိ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ပုံတူစေတီတော်မြတ် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာနှင့် မွန်ရိုးရာအိမ်သစ်တက် မင်္ဂလာအခမ်းအနားကို မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု စင်တာ၌ ကျင်းပပြုလုပ်ရာ ဦးစွာအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ သီလတော်မြတ်များ ခံယူ၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ရွှေထီးတော်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ထံ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ရွှေထီးတော်တို့အား လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်နှင့် ရွှေထီးတော်တို့အား စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်၍ မင်္ဂလာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ ဇယန္တာဗောဓိယာမူလေအစချီ အောင်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ဆရာတော်ကြီးများအမှူးပြု၍ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ပုံတူ စေတီအား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပြုလုပ်ခဲ့ကြပြီး မွန်ရိုးရာအိမ်သစ်တက် မင်္ဂလာအဖြစ် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)