ရွှေဘို ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ(၃)နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူများက ကြက်ခြေနီသီချင်းဖြင့် ဂုဏ်ပြုတေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ပြီး ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဥ်ယဥ်ငြိမ်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဝင်းဖေက သင်တန်းဆင်းအမှာစကားပြောကြားရာ သင်တန်းကာလအတွင်း သွေးထွက်ဒဏ်ရာပြုစုနည်း၊ အရေးပေါ်အသက်ကယ်ဆယ်ရေးနည်းများနှင့် အခြေခံရှေးဦးပြုစုနည်းများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးနောက် သင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကြက်ခြေနီအသင်း သင်တန်းဆရာ၊ ဆရာမများအား ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဥ်ယဥ်ငြိမ်း၊ ဌာနအသီးသီးမှပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/ စီမံအရာရှိကြီးများ၊ ရွှေဘိုမြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးဝင်းဖေနှင့်ကြက်ခြေနီအသင်း တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းကို (၂၈.၁.၂၀၂၆)ရက်နေ့မှ (၁.၂.၂၀၂၆)ရက် နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)