ရန်ကုန် ဖေဖော်ဝါရီ ၄
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၂) လုပ်ငန်း အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အမှတ် (၃) လမ်းမကြီးအနီးရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးတွင် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်အောင် သင်တန်းတွင် ကြိုးစားလေ့လာသင်ယူကြရန်၊ ကိုယ်ပိုင်အရည်အချင်း၊ ထိုးထွင်းဉာဏ်၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းအတွေ့အကြုံနှင့် ပေါင်းစပ်ပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) မှ ဒုတိယကျောင်းအုပ်ကြီး ဦးသန့်ဇင်က လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၁၀) ဦးဖြင့် ရက်သတ္တပတ် (၈) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)