ဘီးလင်းမြို့အ.ထ.က-ခွဲ (မုသင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက အ.ထ.ကခွဲ(မုသင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.ကခွဲ(မုသင်)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သိန်းသိန်းဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ပူးပေါင်းဆောက်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ အ.ထ.ကခွဲ(မုသင်) ကျောင်းမှ Grade – 11 ကျောင်းသူ မရွှေယမင်းသူက အစီစဥ် တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး Grade - 10 ကျောင်းသား မောင်ထွန်းမင်းဦးနှင့် မောင်ဖိုးချစ်၊ Grade -11 ကျောင်းသူများဖြစ်ကြသော၊ မရွှေစင်ထက်၊ မနှင်းအိမ်ဖူး နှင့် မစန်းပပနိုင်တို့က ”လူငယ်နှင့်စိုးရိမ်စိတ်”၊”လူငယ်နှင့် ဝါသနာ”၊ “လူငယ်နှင့်စိန်ခေါ်မှုများ”၊ “လူငယ်နှင့်အယုံလွယ်ခြင်း”၊ “လူငယ်နှင့်အစွဲအလမ်း“ စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှု လေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည် များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ၊သုတ၊ ရသ၊ စာအုပ်များကို ပြသခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှူ မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)