မုဒုံမြို့၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မုဒုံ ဖေဖော်ဝါရီ

မွန်ပြည်နယ် မုဒုံမြို့တွင် (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ (မြို့နယ်အဆင့်) အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့က မြို့မ()ရပ်ကွက်ရှိ အာသောကာရာမ မွန်ပရိယတ္တိစာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အာသောကာရာမ မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တမင်္ဂလာဘိဝံသနှင့် ဆရာတော်/ သံဃာတော်များ၊ မွန်ညီညွတ်ရေးပါတီ(ဗဟို)ဒုဉက္ကဋ္ဌ-၁ နိုင်တလညီ၊ အထွေထွေအတွင်းရေးမှူး နိုင်စံတင်နှင့် ဗလိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (မြို့နယ်အဆင့်) ဉက္ကဋ္ဌနိုင်ထွန်းရှိန်၊ ဒုဉက္ကဋ္ဌ-၁ ဦးဌေးနိုင်၊ ဒုဉက္ကဋ္ဌ-၂ ဦးဝဏ္ဏကြီးနှင့် အဖွဲ့ဝင်များ၊ မုဒုံမြို့နယ်မွန်ညီညွတ်ရေးပါတီဥက္ကဋ္ဌ နိုင်အောင်သိန်းနှင့် မြို့နယ်အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ဒေသခံမွန်တိုင်းရင်းသား /သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်အမျိုးသားအလံအားလွှင့်ထူခဲ့ပြီး တက်ရောက်လာသူများက မွန်အမျိုးသားသီချင်းသီဆိုခြင်း၊ မွန်အမျိုးသားအလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန်တိုင်းရင်းသား ခေါင်းဆောင်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် အာသောကာရာမ မွန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမင်္ဂလာဘိဝံသက ဩဝါဒစကား မိန့်ကြားခဲ့ပြီး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (မြို့နယ်အဆင့်)ဥက္ကဋ္ဌ နိုင်ထွန်းရှိန်က “မွန်အမျိုးသားနေ့သည် မွန်လူမျိုးများအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး မွန်ဘာသာစကား မတိမ်းကောအောင် ထိန်းသိမ်းသွာရန်၊ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်အောင် ကြိုးပမ်းသွားရန်၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယနေ့ကာလတွင် တိုင်းရင်းသားညီအစ်ကိုများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်း၊ လက္ခဏာရပ်ကို ဖော်ညွှန်းပြသသည့် အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ဉက္ကဋ္ဌ မိန့်ခွှန်းအား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မ(၄)ရပ်ကွက်နေ နိုင်ချမ်းက မွန်ညီညွတ်ရေးပါတီ (ဗဟို)မှ ပေးပို့လာသည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ အစဉ်အဆက်တွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သော အသက် (၇၅) နှစ် အထက်ရှိလူပုဂ္ဂိုလ်(၁၁)ဦးတို့အား မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ ဂုဏ်ပြုချီးမြှင့်ငွေ ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မွန်အမျိုးသားနေ့ကျင်းပရေး တာဝန်ရှိသူများက မွန်အမျိုးသားနေ့ အထိမ်းအမှတ် ဗဟိုအဆင့် မွန်စာပေပြိုင်ပွဲ ဖိတ်ခေါ်စာမူပြိုင်ပွဲတွင် ဝတ္ထု/ဆောင်းပါး/ ကဗျာ/ ပုံပြင်/ကာတွန်းတို့မှ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူနှင့် စာပေယဥ် ကျေးမှုဆိုင်ရာ ရေးဖြေ ပြိုင်ပွဲတွင် ဆုရရှိသူ ၁၁ ဦးတို့အားလည်းကောင်း၊ ရိုးရာထမ နှဲထိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင် ဆုရရှိသော အသင်းများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)