မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ထမနဲထိုးပြိုင်ပွဲနှင့်ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပ

ကန့်ဘလူ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ထမနဲထိုးပြိုင်ပွဲနှင့်ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါစေတီတော်အနီးရှိ မဟာဗောဓိကွင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့်အသင်းများ၊ အမှတ်ပေးဒိုင်များ၊ အမှတ်ပေး ဒိုင်ချုပ်များနှင့် မိတ်ဆက်ပေးပြီး အမှတ်ပေးဒိုင်များက ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်ထားရှိမှုအား အကဲဖြတ်စစ်ဆေးပြီး စတင်ယှဥ်ပြိုင်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာ အမျိုးသား ၊အမျိုးသမီးအသင်း (၁၂)သင်း၏ တပျော်တပါး ထမနဲထိုးပြိုင်ပွဲဝင်နေမှုအား လိုက်လံကြည့်ရှုအားပေးကြပြီး ထမနဲထိုးပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမ ဆုရရှိသည့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ပြီး ထမနဲထိုးပြိုင်ပွဲဝင်အသင်း(၁၂)သင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ဒုတိယဆုရရှိသည့် အမျိုးသား၊ အမျိုးသမီးအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တတိယဆုရရှိသည့် အမျိုးသား၊ အမျိုးသမီးအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နှစ်သိမ့်ဆုရရှိကြသည့် အမျိုးသား၊ အမျိုးသမီးအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ညပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မဟာရွှေစည်ကြီးစေတီတော် ဝန်းအတွင်း၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲသို့ တက်ရောက်ထွန်းညှိပူဇော်ပြီး ခရိုင်/ မြို့နယ်ပညာရေးဌာနက ဆရာ၊ ဆရာမများ ဆီးမီးထွန်းညှိပူဇော်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)