စစ်တွေ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာရုံးများတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအဝင် မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဦးဥတ္တမပန်းခြံသို့ ယာဉ်များအဝင်အထွက်ကောင်းမွန်စေရေးနှင့် ကောင်းမွန်သော ဒီဇိုင်းပုံစံဖြင့် စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၃) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ စစ်ကဲလမ်း၊ ဆတ်ရိုးကျချောင်း Life တံတားမှ စက်ရုံလမ်းထိ) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ဆတ်ရိုးကျချောင်း Life တံတား၏ ကြံ့ခိုင်မှုအခြေအနေကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားကြံ့ခိုင်မှုရှိစေရေးနှင့် အနီးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လျှပ်စစ်ဓာတ်အားခွဲရုံ သို့သွားရောက်၍ ခွဲရုံအတွင်း လျှပ်စစ်ပစ္စည်းများထားသိုမှုကို လှည့်လည်ကြည့်ရှုကြရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်ပညာရေးမှူးရုံးတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး