ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာအာကသအေဂျင်စီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အခြေခံပညာအဆင့် အာကာသပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လူငယ်များ အာကာသနည်းပညာကဏ္ဍ စိတ်ပါဝင်စားမှုများ မြင့်တက်လာစေရန်နှင့် အနုပညာဖြင့် မြှင့်တင်ပေးနိုင်စေရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာအာကသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နွေရာသီအခြေခံပညာအဆင့် အာကသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) ပြိုင်ပွဲများ အခမ်းအနားပြင်ဆင်‌ရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲများ ကျင်းပရေး၊ နည်းပညာအကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီနှင့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)