ပခုက္ကူမြို့၌ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်နှင့် လက်ရက်ကန်းခြောက်လ (ပထမအကြိမ်) သင်တန်း ဖွင့်လှစ်

ပခုက္ကူ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ (ပထမအကြိမ်) သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းမှတစ်ဆင့်ရရှိမည့်အကျိုးကျေးဇူး များအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ရက်ကန်းပညာများသင်ကြားပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးပွားရေး ကိုယ်ပိုင်လုပ် ငန်းငယ်များ ထူထောင်လုပ်ကိုင်နိုင်စေရန်၊ နိုင်ငံပိုင်ချည်မျှင်နှင့်အထည်စက်ရုံများ၊ ပုဂ္ဂလိကပိုင်ရက်ကန်းလုပ်ငန်းများအတွက် လိုအပ်သောရက်ကန်းအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာရက်ကန်းအတတ်ပညာများ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာနှင့် အတတ်ပညာရပ်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ရက်ကန်းပညာများ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်‌ပြီး သင်တန်းကာလအတွင်း သင်တန်းသားတစ်ဦးကို တစ်လလျှင် ပညာသင်ထောက်ပံ့ပေး ငွေကျပ်သုံးသောင်းနှင့် စားသောက်စရိတ် ငွေကျပ်လေးသောင်းငါးထောင်၊ စုစုပေါင်း ခုနစ်သောင်းငါးထောင်ကျပ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိနှင့် လက်ရက်ကန်းခြောက်လ (ပထမအကြိမ်)သင်တန်းကို ၂၀၂၀၆ခုနှစ်၊ ဇန်နဝါရီ ၁ရက်မှ ဇွန်လ ၃၀ရက်အထိ စုစုပေါင်းသင်တန်းသား သင်တန်းသူ ၁၅ ဦးတို့ဖြင့် စာတွေ့ ၃၀ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စနစ်တကျဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းအမျိုးအစားအလိုက် ထူးချွန်သင်တန်းသား တစ်ဦးစီရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရေး လက်ရက်ကန်းစင် (၁) စင်စီထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)